''နှိုက်နှိုက်ချွတ်ချွတ်''
" နှိုက်နှိုက်ချွတ်ချွတ်" စကားပြောတတ်ခါစ ကလေးများသည် အလွန်အမေးအမြန်းထူ၏။ နှိုက်နှိုက်ချွတ်ချွတ်လည်း မေးမြန်းတတ်ကြကုန်၏။ ဤသို့ နှိုက်နှိုက်ချွတ်ချွတ် မေးကြသောအခါ လူကြီးမိဘတို့သည် စိတ်ရှည်လက်ရှည် နားလည်အောင် ဖြေကြားခြင်းမရှိပဲ မရေမရာဖြေကြားပြီးလျှင် တိုတိုနှင့်စကားကို ဖြတ်လိုက်လေ့ရှိကြ၏။ ဤသို့ တိုတိုနှင့်ဖြတ်လိုက်သောကြောင့် ကလေးများကနားမလည်နိုင်သဖြင့် ထပ်မံ၍ မေးမြန်းကြသောအခါ အော်ငေါက်ကာ လွှတ်လေ့လည်းရှိကြလေသည်။ သို့ဖြစ်သောကြောင့် ကလေးများတွင် ပေါ်၍လာသော သိချင်စိတ်၊ တတ်ချင်စိတ်၊ စုံစမ်းချင်စိတ်တို့မှ တစ်စတ်စ ယုတ်လျော့၍ သွားကြကုန်၏။ မောင်လူအေး ငါးနှစ်သားအရွယ်တုန်းက ဖွားဒွေးကြီးနှင့်အတူ ဓမ္မကထိကအကျော် ဘုန်းတော်ကြီးတစ်ပါး၏ တရားကိုနာရန် မုပွန်ဘုရားရင်ပြင်တော်ပေါ်သို့ လိုက်ပါသွားလေသည်။ ထိုဘုန်းတော်ကြီး ဟောကြားသောတရားတွင် ပြည့်တန်ဆာမ ဆိုသောစကားတစ်လုံး ပါ၍လာ၏။ ထိုစကားကို မောင်လူအေး နားမလည်ချေ။ တရားပွဲပြီး၍ အိမ်သို့အပြန် လမ်းထဲတွင် ဖွားဒွေးကြီးအား ပြည့်တန်ဆာမဆိုသော စကား၏အဓိပ္ပာယ်ကိုမေး၏။ "ပြည့်တန်ဆာမဆိုတာ မိန်းမရွှင် ဆိုတာပေါ့ဟဲ့" ဟု ဒွေးကြီးက ဖြေလေသည်။ ...