''နှိုက်နှိုက်ချွတ်ချွတ်''
စကားပြောတတ်ခါစ ကလေးများသည် အလွန်အမေးအမြန်းထူ၏။ နှိုက်နှိုက်ချွတ်ချွတ်လည်း မေးမြန်းတတ်ကြကုန်၏။
ဤသို့ နှိုက်နှိုက်ချွတ်ချွတ် မေးကြသောအခါ လူကြီးမိဘတို့သည် စိတ်ရှည်လက်ရှည် နားလည်အောင် ဖြေကြားခြင်းမရှိပဲ မရေမရာဖြေကြားပြီးလျှင် တိုတိုနှင့်စကားကို ဖြတ်လိုက်လေ့ရှိကြ၏။ ဤသို့ တိုတိုနှင့်ဖြတ်လိုက်သောကြောင့် ကလေးများကနားမလည်နိုင်သဖြင့် ထပ်မံ၍ မေးမြန်းကြသောအခါ အော်ငေါက်ကာ လွှတ်လေ့လည်းရှိကြလေသည်။ သို့ဖြစ်သောကြောင့် ကလေးများတွင် ပေါ်၍လာသော သိချင်စိတ်၊ တတ်ချင်စိတ်၊ စုံစမ်းချင်စိတ်တို့မှ တစ်စတ်စ ယုတ်လျော့၍ သွားကြကုန်၏။
မောင်လူအေး ငါးနှစ်သားအရွယ်တုန်းက ဖွားဒွေးကြီးနှင့်အတူ ဓမ္မကထိကအကျော် ဘုန်းတော်ကြီးတစ်ပါး၏ တရားကိုနာရန် မုပွန်ဘုရားရင်ပြင်တော်ပေါ်သို့ လိုက်ပါသွားလေသည်။ ထိုဘုန်းတော်ကြီး ဟောကြားသောတရားတွင် ပြည့်တန်ဆာမ ဆိုသောစကားတစ်လုံး ပါ၍လာ၏။ ထိုစကားကို မောင်လူအေး နားမလည်ချေ။ တရားပွဲပြီး၍ အိမ်သို့အပြန် လမ်းထဲတွင် ဖွားဒွေးကြီးအား ပြည့်တန်ဆာမဆိုသော စကား၏အဓိပ္ပာယ်ကိုမေး၏။ "ပြည့်တန်ဆာမဆိုတာ မိန်းမရွှင် ဆိုတာပေါ့ဟဲ့" ဟု ဒွေးကြီးက ဖြေလေသည်။
မိန်းမရွှင်ဆိုသော စကား၏အဓိပ္ပါယ်ကိုလည်း မောင်လူအေးနားမလည်သောကြောင့် မိန်းမရွှင်၏ အဓိပ္ပွါယ်ကို မေးပြန်၏။ ဖွားဒွေးကြီးလည်း စိတ်မရှည်တော့ပြီ။ "ဒီကောင်ကလေးက နှိုက်နှိုက်ချွတ်ချွတ် ဘာတွေလျှောက်မေးနေတာလဲ-တော်" ဟူ၍ ငေါက်လိုက်သောကြောင့် မောင်လူအေးမှာ ထပ်၍မမေးဝံ့တော့ပဲ တိတ်၍သွားရှာ၏။ စိတ်ထဲမှာမူကား အနည်းငယ်မျှ မကျေနပ်။
အနောက်နိုင်ငံများတွင်ကား မြန်မာပြည်မှာကဲ့သို့မဟုတ်။ ကလေးများ၏ သိချင်၊ တတ်ချင်၊ စုံစမ်းချင်သော စိတ်များကို ကြိုးစားကာ အားပေးအံ့ဟု မောင်လူအေးဆုံးဖြတ်ထားသောဟူ၏။
မိမိ၏သားကလေး မောင်လူမွှေကား အသက် လေးနှစ်အတွင်း ဝင်လာပြီဖြစ်သောကြောင့် အတော်ပင် စကားပြောတတ်နေလေပြီ။ အပျံသင်စ ငှက်ကလေးများကဲ့သို့ အလွန်စကားပြောချင်၏။ အမေးအမြန်းထူလာ၏။ သိချင်၊ တတ်ချင်၊ စုံစမ်းချင်လှပေ၏။ သူ အမေးအမြန်းထူလှသောကြောင့် သူ့အမေ၊ သူ့အဒေါ်များ စိတ်မရှည်ကြ။
တစ်ခါသော် မောင်လူအေး ရုံးမှပြန်လာပြီးနောက် အိမ်ဘေးဝရံတာသို့ ထွက်ကာ သားကလေး မောင်မွှေး၊ သမီးကလေး မယ်မွှေတို့နှင့်အတူ ထိုင်နေ၏။ သမီးကလေးကား 'ပန်း' ဆိုသောစကားတစ်လုံးအပြင် မည်သည့်စကားကိုမျှ မတတ်သေး။ မောင်လူမွှေးကား ထွေရာလေးပါး ထင်ရာများကို ပြောကြား၍ နေလေသည်။
ဤသို့ ပြောကြားနေခိုက် စာကလေး သုံးလေးကောင်တို့သည် အနီးအနား သရက်ပင်ပျိုပေါ်သို့ ပျံတက်လိုက်၊ သရက်ပင်အောက် မြေပြောင်ပြောင်ပေါ်သို့ ပျံဆင်းလိုက်နှင့် ဆူညံစွာ မြူးထူးပျော်ပါးနေကြလေသည်။ မောင်လူအေးက သမီးကလေး မယ်မွှေးအား ထိုစကာကလေးတို့ကို လက်ညှိုးထိုး၍ ပြနေ၏။ ထိုအခါ မောင်လူမွှေးက "ဖေဖေ၊ ဖေဖေ စာကလေးတွေဟာ ဘာဖြစ်လို့ ဖိနပ်မစီးတာလဲ" ဟု မေးလိုက်၏။
သား၏အမေးကို ရုတ်တရက်ဖြေရန် ခက်သွားသောကြောင့် "ဘာဖြစ်လို့လဲ သားရဲ့" ဟု ပြန်၍မေးလိုက်၏။
"မောင်မြေကြီးပေါ်ဆင်းရင် ဖိနပ်စီးရမယ်လို့ ပြောတယ်၊ စာကလေးတွေက မြေကြီးပေါ်ဆင်းရင် ဘာဖြစ်လို့ ဖိနပ်မစီးဘူးလဲ။"
"မောင်မြေကြီးပေါ်ကို ဖိနပ်မပါပဲ ဆင်းရင် ခြေအေးမှာ စိုးလို့ပေါ့"
"စာကလေးတွေကကော ခြေမအေးဘူးလား"
"စာကလေးလဲအေးတာပေါ့။"
"နို့ဖြစ်ရင် စာကလေးက ဘာဖြစ်လို့ ဖိနပ်မစီးဘူးလဲ။"
"မောင်ကခြေအေးရင် ဖျားမှာ စိုးလို့ပေါ့"
"စာကလေးတွေက ခြေအေးရင် မဖျားဘူးလား။"
"သူတို့ကတော့ မဖျားဘူး။"
"ဘာဖြစ်လို့လဲ။"
"သူတို့က ငှက်ဟာကိုး။"
"ငှက်တော့ ဘာဖြစ်လို့ မဖျားဘူးလဲ၊ မောင်ကတော့ ဘာဖြစ်လို့ ဖျားသလဲ။"
"ငှက်ကတော့ တိရစ္ဆာန်ဟာကိုး။"
"တိရစ္ဆာန်ဆိုတာ ဘာလဲ။"
မောင်လူအေးဖြေရခက်နေပြီ။ အတော်ကလေးကြာအောင် မဖြေသေးပဲ တွေ၍နေပြီးမှ "တိရစ္ဆာန်ဆိုတာ ဉာဏ်မရှိဘူး၊ စားဖို့ အိပ်ဖို့ပဲ သိတယ်။"
မောင်မွှေးနားမလည်၊ သူ့စိတ်ထဲတွင် ရှုပ်သည်ထက်ရှုပ်သွားလေပြီ။
"ဖေဖေ ဉာဏ်ဆိုတာ ဘာလဲ။" သာ၍ခက်လေပြီ။
"ဉာဏ်ဆိုတာ သိတတ်တာပေါ့ကွဲ့။"
"သိတတ်တယ်ဆိုတာ ဘာလဲ။"
ကြာလေ ဆိုးလေဖြစ်နေသဖြင့် မောင်လူအေး အကျပ်တွေ့နေလေပြီ။
"သိတယ်ဆိုတာ ညအိပ်ရာ မဝင်ခင် ဘုရားရှိခိုးတာ၊ အဖေအမေကို ရှိခိုးတာတွေကို ဆိုတာပေါ့ကွဲ့။ ဖေဖေလဲ သည့်ထက်ရှင်းအောင် မဖြေတတ်တော့ဘူး။"
"စာကလေးဟာကော ညကျရင် မောင်တို့လို ဘုရားမရှိခိုးဘူးလား။"
"ဘာရှိခိုးမှာလဲ၊ မရှိခိုးဘူး။"
"ဘာဖြစ်လို့ မရှိခိုးတာလဲ ဖေဖေ။"
"တိရစ္ဆာန်ဟာကိုး။
"တိရစ္ဆာန်ဆိုတာ ဘာလဲ။"
"အခုပဲ ပြောပြီးတယ် မဟုတ်လား။"
"ပြန်ပြောပါအုံး ဖေဖေ။"
မောင်လူအေးတို့ သားအဖ ရှုပ်ထွေးနေကြလေပြီ။ ကံအားလျာ်စွာ ခင်သန်းမြင့် ဝရန်တာ သို့ ထွက်၍လာ၏။
"အတော်ပဲဟေ့ မောင်မွှေးတို့မောင်နှမကို သကြားလုံးကလေးတွေ ပေးလိုက်ပါကွယ်။" ဟု ပြောလိုက်တော့မှ ကလေးနှစ်ယောက် သူတို့အမေဆီသို့ ပြေးသွားကြကုန်၏။
အကယ်၍သာ ခင်သန်းမြင့်ပေါ်မလာလျှင် မောင်လူမွှေးတို့ သားအဖ မည်မျှကြာအောင် ရှုပ်ထွေးနေကြမည်မသိ။
ထို့နောက် ဆယ်ရက်ခန့်ကြာသော် မောင်လူအေးတို့အိမ်တွင် မွေးထားသော ကြောင်မကြီးသည် သားကလေးသုံးကောင်ကိုမွေး၏။ မောင်လူမွှေးမှာ ပျော်၍မဆုံးတော့ပြီ။ ကြောင်သားကလေးတွေအနားမှ မခွာ၊ ကြောင်မကြီးမှာလည်း သူ့သားကလေးများကို ယူသွားမည်စိုးသောကြောင့် တထိတ်ထိတ်နှင့် နေရှာ၏" အိမ်သို့ လူလာတိုင်း ကြောင်သားလေးများအကြောင်းကို အားရပါးရ မောင်လူမွှေးပြောပြလေသည်။
ကြောင်သားကလေးတွေကို မွေးပြီးနောက် (၁၅)ရက်ခန့် ကြာသောအခါ ဒေါက်တာဒေါ်ရင်မေသည် မောင်လူမွှေးအိမ်သို့လာ။ မောင်လူမွှေးသည် မိမိ၏ အဖေနားက ကပ်ပြီးလျှင် "ဒါ ဘယ်သူလဲ ဖေဖေ။" ဟုမေး၏။ "ဒေါက်တာဒေါ်ရင်မေဆိုတာ သူပေါ့ကွဲ့။"
'သူဘာလာလုပ်တာလဲ ဖေဖေ။"
"မေ့မေ့ဗိုက်ထဲမှာရှိတဲ့ မောင့်ညီမလေးကိုမွေးပေးဖို့ မေ့မေ့ကိုလာကြည့်တယ်။"
"ညီကလေးကို ဘယ်တော့မွေးမလဲ။"
"တစ်လလောက်ကြာရင် မွေးမယ်ထင်ပါရဲ့။"
"မွေးတဲ့အခါ သူဘာလုပ်မှာလဲ။"
"သူက မွေးပေးမှာပေါ့၊ ဒေါက်တာဟာကိုး။"
"ကြောင်သားကလေးတွေကို မွေးတုန်းကကော သူ့ကို ဘာဖြစ်လို့မခေါ်ဘူးလဲ။"
မောင်လူအေးအခက်ကြုံပြန်ပြီ။ ချက်ချင်း မဖြေနိုင်။
"ကြောင်က တိရစ္ဆာန်ဟာကိုး" ဟု ဖြေလျှင် "တိရစ္ဆာန်ဟာ ဘာလဲ၊ တိရစ္ဆာန်ကတော့ ဘာလို့ ဒေါက်တာမခေါ်တာလဲ" ဟု ပြန်၍ မေးမည်ကိုသိ၏။ ဤသို့သောကြောင့် မည်သို့ဖြေရမည်ကို စဉ်းစား၍နေ၏။
"မောင်မေးတာဖြေပါအုံး ဖေဖေရဲ့ ဟု ထပ်၍ ပြောပြန်၏။
"ကြောင်ကတော့ ဒေါက်တာမခေါ်ပေမယ့် သူ့အလိုလို မွေးတာပဲ။"
"မေမေကတော့ ဘာဖြစ်လို့ သူ့အလိုလို မမွေးဘူးလဲ။"
"မေမေလည်း သူ့အလိုလို မွေးချင်မွေးမှာပေါ့။"
" ဒါဖြင့် ဘာဖြစ်လို့ ဒေါက်တာခေါ်သလဲ။"
"ဒါကတော့ မောင့်မေမေက သိပ်အစားကြီးတာကိုး။ ဒါကြောင့် ခေါ်ရတာပေါ့" ဟု ထင်မိထင်ရာ ဖြေလိုက်၏။
"ဖေဖေမွေးရင်ကော ဒေါက်တာခေါ်ရမလား။"
"ဖေဖေ ဘယ်မွေးရမလဲ၊ မမွေးပါဘူး။"
"ဘာဖြစ်လို့လဲ ဖေဖေ။"
"ဖေဖေက ယောကျ်ားဟာကိုး။"
"ယောကျ်ားကတော့ ဘာဖြစ်လို့မမွေးဘူးလဲ။"
မောင်လူအေး အကျပ်တွေ့ပြန်ပြီ။ မည်သို့ဖြေရမည်ကို တွေး၍ စဉ်းစားနေ၏။ ဤအခိုက် "အိုက်စ်ခရင်း" ဟူ၍ ရေခဲမုန့်သည်ကုလားက လမ်းမကအော်လိုက်သည်နှင့် "ဖေဖေရေခဲမုန့်စားမယ်" ဟုပူစာ၏. မောင်လူအေး အကြိုက်ကျသွားပြီးလျှင် "အေး အေး ခေါ်လိုက်" ဟု ပြောသည်နှင့် နေရာမှထပြေးသွားပြီးလျှင် ရေခဲမုန့်ကုလားကို ခေါ်လိုက်၏. သို့နှင့်မောင်လူအေးမှာ အခက်အခဲမှ လွတ်မြောက်သွားရှာလေသတည်း။
၁၉၄၁ခုနှစ်၊ ဒီဇင်ဘာ၊
ဂန္တလောက။

"နှိုက်နှိုက်ချွတ်ချွတ်" "Thoroughly clean" သိချင်ရင်တော့ ဖတ်လိုက်ပေါ့... "လက်ညောင်းခံပြီး ၁၉၃၀ ခုနှစ်ကျော်က ဝတ္ထုကို အပျောက်မခံချင်လို့ ရည်ရွယ်ရင်း ဖြစါပါတယ်" စာရေးသူကျွန်တော် AlterBug မဟုတ်ပါ။ သို့ပါ၍....ဆရာကြီး သိပ္ပံမောင်ဝ ၏ ၁၉၄၁ခုနှစ်၊ ဒီဇင်ဘာ၊ ဂန္ထလောက။ ၌ ရေးသားထုတ်ဝေထားပါသည်။ သို့ပါ၍ မူပိုင်မှာ ကျွန်တော်မဟုတ်ပါ။ ဆက်စပ်၍ တားမြစ်လာပါက ဖျက်ပေးပါမည်။ ဤမျှလောက်ကောင်းသော စာပေမျိုးကို လူသားတိုင်း ဖတ်သင့်ပါတယ်။
ReplyDelete"Thoroughly clean" If you want to know, read it ... "I do not want to miss the 1930s novel." The author is not AlterBug. Thus .... Sayargyi Theikpan Maung Wa's 1941 December The classic world Magazine. Posted in Therefore, I am not the copyright holder. If it is prohibited, it will be deleted. Everyone should read this kind of good literature.