ပန်းသည် (ဆရာကြီးသိပ္ပံမောင်ဝ)
ပန်းသည်
မြန်မာပြည်တွင် ဘုရားများစွာရှိ၏။ ထိုဘုရားများစွာတို့တွင် ပန်းသည်တို့လည်း များစွာရှိလေသည်။ ထိုများလှစွာသော ပန်းသည်တို့အနက် ရွှေတိဂုံစေတီတော် အနောက်စောင်းတန်းတွင် ပန်းရောင်းနေသော ပန်းသည်တစ်ယောက်၏ အကြောင်းကို ရေးသားလိုရင်းဖြစ်သည်။ သူ၏အမည်အရင်းကို မဖော်ပြလိုပြီ၊ မှတ်သားရလွယ်ကူစေရန်အတွက် သူ့အား မသိန်း ဟု ခေါ်ကြပါစို့။
မသိန်းသည် ပန်းသည်တို့အနက် အတော်ပင် ယဉ်စစရှိ၏ အပြောလည်းကောင်း၊ သဘောလည်းကောင်း၊ အပြုအပြင်ကိုလည်းကောင်း၊ သူ့မှာအကောင်းချည်းစုနေလေတော့သည်။ သို့ဖြစ်သောကြောင့်တက္ကသိုလ်ကျောင်းသားတွေ သူ့ဆိုင်မှာချည်း ပန်း၀ယ်ကြလေသည်။
စနေ၊ တနင်္ဂနွေနေ့များတွင် မသိန်း ပန်းဆိုင်၌ တက္ကသိုလ်ကျောင်းသားတွေ မစဲ တသဲသဲနေတော့၏။ ထိုနေ့များတွင် မသိန်း အလုပ်ရှုပ်လှ၏။ ပန်းကိုလည်းပို၍ရောင်းရ၏။ စေတီတော်မြတ်ကြီးမှာလည်း ခါတိုင်းထက်ပိုမို၍ ပန်းများဖြင့် ပူဇော်ခြင်းကို ခံရလေသည်။ တက္ကသိုလ်ကျောင်းသားတို့သည် မသိန်း၏ဆိုင်တွင် ပန်း၀ယ်ယုံမျှမကသေး၊ ထိုင်ကာ စကားပြောနေကြသေး၏။ မသိန်း၏ဆိုင်မှာနေ၍ လက်ဖက်ရည်ကို မှာ၍သောက်ကြသေး၏၊ ကွမ်းယာများကိုလည်း ၀ယ်၍စားကြသေး၏။ ပြီးမှသာလျှင် ဘုရားကိုယ်တော်မြတ်ကြီးထံတော်ပါးသို့ ဖူးမြော်ရန် သွားကြလေသည်။ ပန်းဖိုးပိုက်ဆံကို မပေးခဲ့ကြသေး၊ အပြန်တွင် စကား၀င်၍ပြောရန် ဖြစ်လေသည်။
ဘုရားကိုမှ ၀အောင် ဖူးမြော်ခြင်းမပြုကြဘဲ သြကာသနှင့်ပင် အဆုံးသတ်ကာ ဆင်:၍ လာကြလေသည်။ မသိန်း၏ ဆိုင်သို့ရောက်မှ ထိုင်ကာ အားရပါးရ စကားပြောကြကုန်၏။ ဤသို့ စကားပြောနေကြခိုက်တွင် အခြားတက္ကသိုလ်ကျောင်းသားတစ်သိုက် ဘရားဖူးရန် တက်လာကြလေသည်။ မသိန်းဆိုင်သို့ ၀င်ကြပြန်၏။ ထိုင်စရာနေစရာမရှိသောကြောင့် ခပ်ခက်ခက်ဖြစ်နေကြလေသည်။ သည်တော့မှ လက်ဦးကျောင်းသားတစ်သိုက်မှာ ရွှေစကြာဖြန့်ရကြကုန်၏။ မခွဲချင် ခွဲချင်၊ မသွားချင် သွားချင်နှင့် သွားကြရရှာလေသည်။
ဤသို့လျှင် မသိန်း၏ဆိုင်တွင် နံနက်မှ ညနေတိုင်အောင် ပန်း၀ယ်သူတွေနှင့် ပြည့်နှက်လျက်နေ၏။ မသိန်းမှာလည်း တက္ကသိုလ်ကျောင်းသားအပေါင်းတို့နှင့် ကျင်လည်ရာ သံသရာ ဝဲသြဃကြီးဖြစ်လျက် နေလေတော့ သည်။ တက္ကသိုလ်ကျောင်းသားများ၏ မေတ္တာတုံး မေတ္တာခဲကြီးလည်း မည်ပေ၏။ တက္ကသိုလ်ကျောင်းသားများဟူ၍ သိမ်းကျုံးကာ ဆိုလိုက်သော်လည်း ဝိဇ္ဇာတန်း၊ သိပ္ပံတန်းတို့၏ ကျင်လည်ရာမျှသာ ဖြစ်လေသည်။ ဥပစာတန်းသားများကား လားလားမျှ မကပ်နိုင်ရှာကြချေ။ မသိန်း သွေးကြီးသောကြောင့်ပေလော? မဟုတ်ပါ။ မသိန်းက အဖက်မလုပ်သောကြောင့်ပေလား၊ မဟုတ်ပါ။ ဝိဇ္ဇာတန်း၊ သိပ္ပံတန်းတို့၏ ကျင်လည်ရာဖြစ်သောကြောင့် ဥပစာတန်းသားများ သူ့ဆိုင်သို့ဝင်ရန် မျက်နှာခပ်ရှိန်းရှိန်းနေသောကြောင့်သာ ဖြစ်လေသည်။
ဝိဇ္ဇာတန်းသား ကိုသန်းမောင်တို့လူစုကား နံနက်(၇)နာရီမှန်မှန် ရွှေတိဂုံစေတီတော်မြတ်သို့ ဘုရားဖူးသွာလေ့ရှိကြ၏။ သူတို့လူစုတွင် မောင်ဘသော် မှာ အသည်းဆုံးဖြစ်လေသည်။ မသိန်း၏ဆိုင်မှအပြန်တွင် နှင်းဆီပန်းတစ်ပွင့်ကို ရင်မှာထိုးပြီး ပြန်စမြဲ။ မောင်အောင်သိန်းကား မသိန်းက လက်ဖက်ရည်တစ်ခွက်ကို ဝယ်၍တိုက်မှ ကျောင်းသို့ပြန်လေသည်။ မောင်မောင်လူကား နှင်းဆီပန်းကိုမလို၊ လက်ဖက်ရည်ကိုလည်းမသောက်၊ မသိန်းနှင့် အတောမသတ်အောင် စကားပြောနေရလျှင် ကျေနပ်လေပြီ။
မောင်ထွန်းခင်တို့လူသိုက်ကား နံနက်စာစားသောက်ပြီးမှ ဘုရားဖူးလာကြလေသည်။ သူတို့လူစုတွင် မောင်ထွန်းခင် မှာ အသည်းဆုံး၊ စကားအများဆုံး၊ ကွမ်းအစားဆုံး၊ အချိန်အမှန်ဆုံး ဖြစ်၏။
မောင်အောင်ရ တို့လူသိုက်ကား ဘုရားပေါ်မှာ လူတော်တော်ရှင်းမှ ဘုရားဖူးလာကြလေသည်။ သူတို့တွေမှာ ဣန္ဒြေအလွန်ပင် ရကြလေသည်။ စကားများစွာလည်း မပြောကြ။ မသိန်း၏ ဆိုင်တွင် ခပ်တည်တည်ကလေး ထိုင်ကြရလျှင် ကျေနပ်ကြလေပြီ။ အဝတ်အစားဆိုသည်မှာလည်း သစ်သစ်လွင်လွင်။ သွားကြလာကြသည်မှာလည်း ကိုယ်ပိုင်မော်တော်ကားတွေနှင့် ဖြစ်၏။ ကိုယ်တော်မြတ်တစ်တွေမှာ အခြေသိပ်ထုတ်ကြသည်။
ဥပစာတန်းသား မောင်ဆိုင်တို့ လူစုမှာကား "နေသေးသပ ချုံထဲက" သဘောထားနှင့် မသိန်း၏ဆိုင်ကို ကျော်လွန်သွားပြီးလျှင် ဒေါ်ထူးကြီးဆိုင်တွင် ပန်းဝယ်လေ့ရှိကြကုန်၏။ သို့သော် မသိန်း၏ဆိုင်ဘက်ကိုကား စောင်းငဲ့၍ မကြည့်ဘဲ မနေနိုင်ကြချေ။
ဝိဇ္ဇာအထက်တန်းသား မောင်သိန်းခိုင်ကား အဖော်မပါ တစ်ယောက်တည်းသာ သွားလေ့ရှိလေသည်။ မည်သူ့ကိုမျှ ဂရုမစိုက်၊ မသိန်းပန်းဆိုင်ကိုသိမ်းခါနီးမှ ဘရားဖူးတက်လေ့ရှိသည်။ မသိန်း မိမိ၏ ပန်းဆိုင်ကိုသိမ်း၍ အိမ်ပြန်တော့မှ မိမိကျောင်းသို့ပြန်လေတော့သည်။ တစ်ခါတစ်ရံ မသိန်းနှင့်အတူတူပင်တွဲ၍ လျှောက်သွားသည်ကို အချို့သော ဥပစာတန်းသားများက မြင်ကြ၏။ တစ်ခါတစ်ရံလည်း မသိန်းအား လက်ဆောင်ပေးရန် ရေမွှေး၊ ပေါင်ဒါ၊ လက်ကိုင်ပဝါ၊ မာဖလာ တို့ကို မောင်သိန်းခိုင် ဝယ်နေသည်ကိုပင် မြင်ကြလေသည်။ အချို့သောမိတ်ဆွေတို့က မောင်သိန်းခိုင်ကို မြင်တိုင်းမြင်တိုင်း နောက်ပြောင်လေ့ရှိကြ၏။ စောင်းပါးရိပ်ခြည် ပြောလေ့ရှိကြကုန်၏။ သို့သော် မောင်သိန်းခိုင်ကား ဖြုံပင်မဖြုံ၊ မသိန်း၏ဆိုင်သို့သွားမြဲတိုင်း သွား၏။ စာကိုလည်းမှန်စွာမကျက်၊ ည (၉)နာရီထိုးလျှင် အိပ်ရာထဲ ဝင်ကာ ခြင်ထောင်ထဲတွင် ဆေးလိပ်ကို ဖွာနေသည်သာတည်း။ (၁၀)နာရီထိုးသည့်တိုင်အောင် မအိပ်သေး၊ အတွေးကောင်းတုန်းပင်။
ဤသို့လျှင် တစ်နှစ်ကုန်လွန်ခဲ့၏။ တက္ကသိုလ်ကျောင်းကြီးကိုလည်း ပိတ်လိုက်လေပြီ။ သုံးလပတ်လုံး မသိန်း၏ဆိုင်တွင် တက္ကသိုလ်ကျောင်းသားများကို မမြင်ရပေ။
ကျောင်းကိုပြန်၍ဖွင့်သောအခါ ကိုသန်းမောင်တို့ လူစုအနက် မောင်အောင်သိန်း တစ်ယောက်သာ ပေါ်လာတော့၏။ မောင်ထွန်းခင်တို့လူသိုက်လည်း မပေါ်လာတော့ပြီ။ မောင်မောင်ရင်တို့ လူစုအနက်လည်း မောင်ထွန်းလှိုင်တစ်ယောက်သာ ပေါ်လာလေသည်။ မောင်ထွန်းလှိုင်ကား ယခင်နှစ်က ဥပစာတန်း၊ မောင်သိန်းခိုင်တို့နှင့် တွဲ၍လာ၏။
ကိုယ်တော်မြတ် မောင်သိန်းခိုင်လည်း မပေါ်လာတော့ပြီ။ အဘယ်သို့ ရောက်နေမှန်းမသိ။ စာမေးပွဲပင် အောင်မြင်သွားရော့သလား။ စာမေးပွဲ မအောင်သောကြောင့် စိတ်ပျက်ပျက်နှင့် ကျောင်းမှပင် ထွက်သွားလေရော့သလား။
ဝိဇ္ဇာတန်းသား မောင်ထွန်းလှိုင်အား မေးသောအခါ ဝိဇ္ဇာစာမေးပွဲကို အောင်မြင်သွားကြောင်းပြောပြ၍ သိရလေသည်။ သို့သော် မောင်သိန်းခိုင် မည်သည့်အရပ်သို့ ရောက်နေမှန်းကိုကား မည်သူမျှ မပြောကြားနိုင်။ မသိန်းသည် တစ်ခါတစ်ရံ မောင်သိန်းခိုင်အား သတိရမိသည်။ ထိုသို့ သတိရခြင်းကား တာမရှည်။ ခေတ္တမျှသာ ဖြစ်လေသည်။
ယခင်နှစ်က ဥပစာတန်းသားတွေ ယခုနှစ် ဝိဇ္ဇာတန်း၊ သိပ္ပံတန်းသို့ ရောက်နေကြသဖြင့် မသိန်း၏ဆိုင်သို့ ပန်းဝယ်ရန် ရောက်ကုန်ကြလေပြီ။ မသိန်း၏ဆိုင်မှာ ယခင်နှစ်ကကဲ့သို့ပင် တက္ကသိုလ်ကျောင်းသားတွေနှင့် စည်ကားလျက် နေပြန်၏။ သို့သော် ယခင်နှစ်က ကျောင်းသားတို့ကား အနည်းငယ်မျှသာ ပါလာလေတော့သည်။ လူသစ်တွေ၊ မျက်နှာသစ်တွေ များ၏။
သို့နှင့်ပင် တစ်နှစ်ကုန်လွန်ခဲ့ပြန်၏။ လူဟောင်း၊ မျက်နှာဟောင်းတွေ ပျောက်၍ လူသစ်၊ မျက်နှာသစ်တွေ ရောက်၍ပြန်လာ၏။ ဤနည်းအတိုင်းလေးနှစ်မျှ ကုန်လွန်ခဲ့လေသည်။ ထို့နောက် ငါးနှစ်၊ ထို့နောက် ခြောက်နှစ်၊ ခုနစ်နှစ်၊ ရှစ်နှစ်၊ ကိုးနှစ် စသဖြင့် နှစ်တွေ ကုန်လွန်ခဲ့လေသတည်း။ မသိန်း၏ အသက်သည်လည်း အတော်ပင် ကြီး၍လာခဲ့၏။ ရှေးကကဲ့သို့လည်း နုပျိုခြင်း မရှိတော့ပြီ။ အပြောကောင်း၊ သဘောကောင်းခြင်းတို့ကား ရှေးက ကဲ့သို့ပင်။
မြစ်ထဲတွင် စီးဆင်းနေသောရေကား အဆက်မပြတ် စီးဆင်း၍နေသော်လည်း ရှေးကစီးဆင်းသွားသောရေသည် နောက်မှ စီးဆင်း၍လာသောရေမဟုတ်။ တခြားစီဖြစ်၏။ သို့သော် အဆက်မပြတ် စီးဆင်း၍ နေသောကြောင့်သာ ရှေ့ရေနှင့် နောက်ရေတို့ကို အတူတူပင်ဖြစ်သည်ဟု ထင်မှတ်ရ၏။ ထိုနည်းတူ မသိန်း၏ဆိုင်အတွင်းသို့ အမြဲမပြတ် စီးဆင်း၍နေကြကုန်သော တက္ကသိုလ်ကျောင်းသားတို့အနက်လည်း ရှေ့ကကျောင်းသားများကား မရှိတော့ပြီ။ အဆက်မပြတ်စီးဆင်းနေသောကြောင့်သာ တက္ကသိုလ်ကျောင်းသားတွေ မစဲပဲ နေလေတော့သည်။
မြစ်ရေသည် အမြဲမစီးဆင်းနိုင်၊ အချိန်တန်လျှင် ခန်းခြောက်ရစမြဲ ဖြစ်၏။ မသိန်း၏ဆိုင်တွင်လည်း တက္ကသိုလ်ကျောင်းသားတွေ အမြဲမကျင်လည်နိုင်၊ အချိန်တန်လျှင် ရပ်စဲရမည်သာ။ လောကဓမ္မတာကို မည်သူလွန်ဆန်နိုင်အံ့နည်း။
တစ်ရံခါတော် မသိန်း၏ဆိုင်အနီးတွင် ပန်းဆိုင်သစ် တစ်ဆိုင်ပေါ်၍လာ၏။ ထိုဆိုင်ရှင်ကား မသောင်းတည်း။ မသောင်းမှာ အသက် (၁၆)နှစ်မျှသာရှိသေး၏။ ရုပ်ကလည်းချော၊ စတိုင်ကလည်းကျ၊ ကာလပေါ် အင်္ကျီပါးကို ဝတ်ထားသည်မှာလည်း များစွာ သဘောကျစရာ ကောင်းလေသည်။ မသိန်းတို့မှာကား ခေတ်ကို မမီသကဲ့သို့ ဖြစ်နေပေ၏။ မသောင်း၏ ပန်းဆိုင်ရောက်ကတည်းက တက္ကသိုလ်ကျောင်းသားတွေ မသောင်း၏ဆိုင်သို့ ခြေဦးလှည့်ကြလေသည်။ မသောင်း၏ဆိုင်မှာ စည်စည်ကားကား၊ မသိန်း၏ဆိုင်မှာကား ခြောက်သွေ့သွေ့ဖြစ်နေလေသည်။
ဤအခြင်းအရာကိုမြင်လျှင် မသိန်း၏စိတ်တွင် မနာလိုဖြစ်မိ၏။ စိတ်ဆိုး၏။ ဝမ်းနည်းမိ၏။ သို့သော် သူ့ခေတ်နှင့်သူ၊ ကိုယ့်ခေတ်နှင့်ကိုယ်၊ ငြိုငြင်သော်လည်း အကျိုးရှိမည် မဟုတ်သောကြောင့် ထိုမကောင်းသောစိတ်ထားများကို မျိုသိပ်ကာ ထားရသော်လည်း မသိန်း၏ စိတ်ကား အဘယ်မှာလျှင် ကောင်းပါတော့အံ့နည်း။
ရှေး မိမိ ခေတ်ကောင်းစဉ်က အကြောင်းများတွေးပြီးနေ၏။ မောင်သိန်းခိုင်တို့၊ မောင်အောင်သိန်းတို့၊ မောင်အောင်ရတို့၊ မောင်သန်းမောင်တို့ကို များစွာသတိရမိလေသည်။ သူတို့တစ်တွေ အဘယ်ကြောင့် အဘယ်သို့ရောက်နေကြပါသနည်း? အထူးသဖြင့် မောင်သိန်းခိုင်ကို အောက်မေ့မိ၏။ မောင်သိန်းခိုင်မျက်နှာမှာ မိမိ၏မျက်စိထဲမပျောက်နိုင်။ သူ့မျက်နှာကို တရေးရေးမြင်လေသည်။ မသောင်း၏ဆိုင်တွင် တက္ကသိုလ်ကျောင်းသားတွေမြင်လေလေ၊ မောင်သိန်းခိုင်ကို တွေးမိလေလေ ဖြစ်၏။ 'ကိုသိန်းခိုင်' မှာ ယခုအခါ အသက်အတော်ပင်ကြီးရော့မယ်။ ကျောင်းမှ ထွက်သွားကတည်းက မပေါ်လာ၊ ရန်ကုန်ရောက်လျှင် ဘုရားဖူးလာမှာပဲ စသဖြင့် တွေးတောကာ နေရှာလေသတည်း။
တစ်နေ့သော် အသက်(၃၀)ကျော် လူလတ်တစ်ယောက်သည် မျက်မှန်အပြာကြီးကို တပ်ကာ ဘုရားကုန်းတော့်ပေါ်သို့တက်၍ လာလေသည်။ ခေါင်းပေါင်းအုပ်ပေါင်း၊ ပုဆိုးတောင်ရှည်၊ အင်္ကျီရင်ဖုံးတို့ကို ဝတ်ဆင်ထား၏။ လက်တစ်ဖက်တွင် ကလေးတစ်ယောက်ကိုချီ၊ ကျန်တစ်ဖက်က ကလေးတစ်ယောက်ကို ဆွဲလာလေသည်။ သူ၏အပါးတွင်လည်း မိန်းမတစ်ယောက်ပါလာ၏။ သူ၏ဇနီးနှင့်တူလေသည်။ ထိုမိန်းမ၏လက်တွင်လည်း ကလေးတစ်ယောက်ပါ၏။
ထိုလင်မယားတို့၏လက်တွင် ပန်းမပါသောကြောင့် 'ပန်းဝယ်ကြပါဦးရှင်' ဟု ပြုံးလျက်ခေါ်လိုက်၏။ ထိုလင်မယားသားအမိတို့လည်း ဆိုင်ထဲသို့စူးစူးစိုက်စိုက် ဝင်လာကြလေသည်။ ဆိုင်အတွင်းသို့ ရောက်သောအခါ မိမိတပ်ထားသော မျက်မှန်ပြာကြီးကို ဖြုတ်ပြီးလျှင် 'ကျုပ်ကိုမှတ်မိရဲ့လား?' ဟု ထိုယောက်ျားက မသိန်းအား မေး၏။
'မှတ်မိသလိုလို' ဟု မသိန်းက ဖြေလေသည်။
'ကျုပ်မောင်သိန်းခိုင်လေ' ဆိုတော့မှ နှစ်ယောက်သား အားရပါးရ စကားပြောလိုက်ကြသည်မှာ မဆုံးတော့ပြီ။ မောင်သိန်းခိုင်မှာ ရှမ်းပြည်နယ်တွင် ပညာဝန်ဖြစ်နေလေသည်။
မောင်သိန်းခိုင်နှင့် မသိန်းတို့ စကားလက်ဆုံကျနေသည်ကို မြင်ရသော မောင်သိန်းခိုင်၏ဇနီး မသောင်းရီမှာ ထိုနှယ်သည်နှယ် တွေးတောနေ၏။ ကလေးသုံးယောက်ကား ငေးလျက် နေကြလေတော့သတည်း။
၁၉၃၃ခုနှစ်၊ ဖေဖော်ဝါရီ၊
တက္ကသိုလ်ကျောင်းတိုက်နှစ်ပတ်လည် မဂ္ဂဇင်း။

Comments
Post a Comment